လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် အခက်အခဲများကို တအာင်းပြည် ပြည်သူ့ဆက်ဆံရေးစင်တာ (PRC) ထံ ဆက်သွယ်တင်ပြနိုင်ကြောင်း အသိပေး
နမ့်ဆန်၊ အောက်တိုဘာ ၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း နေထိုင်ကြသည့် ပြည်သူလူထုများအနေဖြင့် မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ၊ အကူအညီလိုအပ်ချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တအာင်းပြည် ပြည်သူ့ဆက်ဆံရေးစင်တာ (Public Relations Center – PRC) ထံ ဆက်သွယ်မေးမြန်း တင်ပြနိုင်ကြောင်း PRC က အသိပေးထားသည်။

PRC သည် ပြည်သူလူထု၏ မေးမြန်းချက်များ၊ တင်ပြချက်များနှင့် တောင်းဆိုချက်များကို လက်ခံမှတ်တမ်းတင်ကာ သက်ဆိုင်ရာဌာနများထံ တင်ပြပေးပြီး လိုအပ်သည့် အကူအညီများရရှိရေးနှင့် အခက်အခဲများ ဖြေရှင်းနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထို့အပြင် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ ပြည်သူလူထုများနှင့် ဒေသအခြေအနေများကို စောင့်ကြည့်လေ့လာခြင်း၊ ကွင်းဆင်းလေ့လာခြင်းနှင့် ဆက်သွယ်ရေးနည်းပညာများမှတစ်ဆင့် အချက်အလက်များ စုဆောင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်များကိုလည်း မှတ်တမ်းတင်ကာ ဖြေရှင်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်များ၊ လူကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များ၊ တိုက်ပွဲများ၊ မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ပြည်သူများနှင့် ၎င်းတို့ပိုင်ဆိုင်သည့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများကိုလည်း စာရင်းကောက်ယူ မှတ်တမ်းတင်ကာ လိုအပ်သည့် အကူအညီများ ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် PSLF/TNLA ၏ မူဝါဒများ၊ ရပ်တည်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များကိုလည်း PRC ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
PRC ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ပြည်သူလူထု၏ လိုအပ်ချက်များနှင့် အခက်အခဲများကို အချိန်နှင့်တပြေးညီ သိရှိကာ ကူညီဖြေရှင်းပေးနိုင်ရန်၊ PSLF/TNLA ၏ မူဝါဒများ၊ ရပ်တည်ချက်များ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက်များကို ပြည်သူလူထုထံ ရှင်းလင်းအသိပေးနိုင်ရန်၊ ပြည်သူလူထု၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့အပြင် စစ်ဘေးနှင့် လူကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များကြောင့် ထိခိုက်နစ်နာသူများကို ကူညီစောင့်ရှောက်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။
ဆက်သွယ်မေးမြန်း တင်ပြလိုသူများအနေဖြင့် PRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် သက်ဆိုင်ရာမြို့နယ်အလိုက် ဖုန်းနံပါတ်များသို့ ဆက်သွယ်ခြင်း၊ QR Code များကို Scan ဖတ်ခြင်း၊ Signal၊ WhatsApp၊ Viber နှင့် Facebook Page Messenger တို့မှတစ်ဆင့် ဆက်သွယ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထို့အပြင် အီးမေးလ်မှတစ်ဆင့်လည်း ဆက်သွယ်မေးမြန်း တင်ပြနိုင်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ဆက်သွယ်ရန်အချက်အလက်များကို အကူအညီလိုအပ်နေသည့် ပြည်သူလူထုများထံ ထပ်ဆင့်မျှဝေပေးရန်လည်း PRC က တိုက်တွန်းထားသည်။
Email - [email protected] ဖုန်းနံပါတ် - ၀၉၆၆၈၁၃၄၀၁၁ /၀၉၆၆၉၉၉၀၆၈၂ Facebook Page Messenger - https://www.facebook.com/profile.php?id=61577045597452
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ