2218

တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တအာင်းပညာရေးအကယ်ဒမီ(TEA)ကျောင်းသို့ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
08 October 2026

တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တအာင်းပညာရေးအကယ်ဒမီ(TEA)ကျောင်းသို့ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်

နမ့်ဆန်၊ အောက်တိုဘာလ ၈ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်ကျန်းမာရေးကောင်စီ (Ta’ang Health Council – THC) မှ တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy – TEA) တွင် ပညာသင်ယူလျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအတွက် ကျောင်းကျန်းမာရေး ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အထွေထွေကျန်းမာရေး၊ သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းများကို အောက်တိုဘာလ (၆) ရက်မှ (၇) ရက်အထိ ပြုလုပ်ဆောင်ရွက်ခဲ့သည်။




အဆိုပါ ကျောင်းကျန်းမာရေးဟောပြောပွဲတွင် သင်တန်းသား၊ သင်တန်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကူးစက်ရောဂါများ၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ အရေပြားရောဂါများ၊ သံကောင်ကူးစက်မှုရောဂါများ၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါများအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့အပြင် ခြင်နှိမ်နင်းရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ တီဘီရောဂါ၊ HIV/AIDS ရောဂါ၊ အသည်းရောင်အသားဝါ ဘီနှင့် စီ ရောဂါများ၊ အခြားကူးစက်ရောဂါများ၊ မျိုးဆက်ပွားကျန်းမာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး၊ သွေးတိုးနှင့် ဆီးချိုရောဂါများအပြင် ပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်များကို ကာကွယ်နိုင်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်း ဆွေးနွေးပေးခဲ့သည်။


‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌
ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ ကျန်းမာရေးဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဆရာ၊ ဆရာမများအပါအဝင် စုစုပေါင်း လူဦးရေ (၂၂၀) ကျော် တက်ရောက်ခဲ့ကြသည်။ ၎င်းဟောပြောပွဲသည် မကြာမီရက်ပိုင်းအတွင်း သင်တန်းပြီးဆုံးပြီး အခြေခံပညာရေးကျောင်းများတွင် ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဘွဲ့လွန်ဆရာအတတ်ပညာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျောင်းကျန်းမာရေးဆိုင်ရာ အခြေခံအသိပညာများ ရရှိစေရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။




ထို့အပြင် သင်တန်းသား၊ သင်တန်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်အမြင့် တိုင်းတာ၍ ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးညီမှု (BMI) တွက်ချက်ပေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းများကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။



ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းသည် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ၏ နေ့စဉ်ကျန်းမာရေးပြဿနာများကို စောင့်ကြည့်ကူညီဖြေရှင်းပေးနိုင်စေရန်၊ ကျန်းမာရေးအသိပညာနှင့် ကောင်းမွန်သောကျန်းမာရေးအလေ့အကျင့်များကို လက်တွေ့အသုံးချနိုင်ရန် ပြန်လည်မျှဝေသင်ကြားပေးနိုင်စေရန်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော စာသင်ကျောင်းများ ပေါ်ပေါက်လာစေရန်၊ ကူးစက်ရောဂါများနှင့် မကူးစက်နိုင်သောရောဂါများကို ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ တအာင်းပညာရေးအကယ်ဒမီ(TEA)ကျောင်းသို့ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်