တအာင်းပြည်ကျန်းမာရေးကောင်စီ (THC) မှ နမ္မတူမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်
နမ္မတူ၊ အောက်တိုဘာ ၁၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ္မတူမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာရေးအသိပညာ ပိုမိုတိုးပွားလာစေရန်၊ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများ လိုက်နာကျင့်သုံးလာစေရန် ရည်ရွယ်၍ တအာင်းပြည်ကျန်းမာရေးကောင်စီ (Ta’ang Health Council – THC) မှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ (၁၃) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် PSLF/TNLA အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ပါင်လက အဖွင့်အမှာစကားပြောကြားရာ၌ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဟူသော ဆိုရိုးစကားနှင့်အညီ ရောဂါဖြစ်ပွားပြီးမှ ကုသခြင်းထက် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းက ပိုမိုအရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံများကို လိုက်နာကျင့်သုံးခြင်း၊ ရှောင်ကြဉ်သင့်သည့် အပြုအမူများကို ရှောင်ရှားခြင်းနှင့် ကောင်းမွန်သော အလေ့အထများကို စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယဌာနမှူးက ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု လျှော့ချရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့အပြင် အသည်းရောင်အသားဝါ B ပိုးနှင့် C ပိုးရောဂါများ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး (HIV) တို့နှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာများကိုလည်း ဟောပြောပို့ချခဲ့သည်။

ထို့နောက် တက်ရောက်လာသူများအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးနိုင်ရန် အမေးအဖြေကဏ္ဍကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲကို ဌာနဆိုင်ရာဝန်ထမ်းများ ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်၊ လိုအပ်ပါက အချိန်မီ ဆေးကုသမှုခံယူနိုင်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အထများ မွေးမြူကျင့်သုံးလာစေရန်နှင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားသို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ပါင်လ၊ ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် လူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ