2238

နမ့်ခမ်းမြို့တွင် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှတစ်ဆင့် အားကစားစိတ်ဓာတ်၊ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ဖော်ဆောင်

ဒေသတွင်းသတင်း / ဒေသတွင်း
15 October 2026

နမ့်ခမ်းမြို့တွင် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှတစ်ဆင့် အားကစားစိတ်ဓာတ်၊ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ဖော်ဆောင်


နမ့်ခမ်း၊ အောက်တိုဘာ ၁၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ရပ်ကွက်များအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ လူငယ်များ၏ အားကစားစိတ်ဓာတ် မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါးကင်းစင်သော လူငယ်ဘဝများ ဖော်ဆောင်ရန် ရည်ရွယ်၍ ကျင်းပသည့် ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျား တက်ရောက်ခဲ့ပြီး ပြိုင်ပွဲကို အောက်တိုဘာ (၁၂) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။



ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျားက အဖွင့်အမှာစကားပြောကြားရာ၌ ယခုပြိုင်ပွဲသည် ပြည်သူများ၏ အားကစားစိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း၊ ရပ်ကွက်အချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေခြင်းတို့အပြင် အားကစားစိတ်ဓာတ်ကို အခြေခံကာ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် အိုမ်တမာဝ်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့နှင့် ခိုလုံလီရှော စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများကလည်း အသီးသီး အမှာစကားပြောကြားခဲ့ကြသည်။





အဆိုပါဘောလုံးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်များက ဦးဆောင်ကော်မတီအဖြစ် တာဝန်ယူဆောင်ရွက်ပြီး မြို့နယ်အတွင်းရေးမှူးက ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ ထို့ပြင် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ဆေးအဖွဲ့နှင့် ဒိုင်လူကြီး (၄) ဦးပါဝင်သည့် ဒိုင်အဖွဲ့တို့ကို ဖွဲ့စည်းကာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်များ ခွဲဝေသတ်မှတ်၍ ဆောင်ရွက်လျက်ရှိသည်။




ဘောလုံးပြိုင်ပွဲတွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၄) ခုမှ အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများကို အုပ်စု (၄) စု ခွဲခြားသတ်မှတ်ထားသည်။ အုပ်စု (၁) တွင် ပေါက်နေ၊ ပေါက်တိုက်၊ နောင်စန့်နှင့် ကောင်တပ်ရပ်ကွက်အသင်းများ၊ အုပ်စု (၂) တွင် အောင်မင်္ဂလာ၊ ဝိန်းဆာ၊ ဟိုကတ်နှင့် သာယာကုန်းရပ်ကွက်အသင်းများ၊ အုပ်စု (၃) တွင် မိုးခမ်း၊ ဈေးတန်းနှင့် မန့်နားရပ်ကွက်အသင်းများ၊ အုပ်စု (၄) တွင် မန့်ခမ်း၊ အောင်ချမ်းသာနှင့် ကောင်နောင်မိုရပ်ကွက်အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။




ပြိုင်ပွဲကို အောက်တိုဘာ (၁၂) ရက်မှ (၂၅) ရက်အထိ (၁၄) ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စုပွဲစဉ် (၁၉) ပွဲ၊ ကွာတားဖိုင်နယ် (၄) ပွဲ၊ ဆီမီးဖိုင်နယ် (၂) ပွဲနှင့် ဗိုလ်လုပွဲတို့ ပါဝင်မည်ဖြစ်သည်။ ဆုရအသင်းများကို ဆုဖလား၊ ငွေသားဆု၊ ရွှေလည်ဆွဲနှင့် ငွေလည်ဆွဲများ ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ဂိုးသမား၊ နောက်တန်း၊ လယ်တန်း၊ ရှေ့တန်း အကောင်းဆုံးဆုများ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဆု၊ ရွှေဖိနပ်ဆုနှင့် အသန့်ရှင်းဆုံးဆုတို့ကိုလည်း ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဒိုင်ကော်မတီတို့က ပူးပေါင်းရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။




ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂျုတ်ဂျား၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် အိုမ်တမာဝ်း၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ခိုလုံလီရှော စာပေယဉ်ကျေးမှုအဖွဲ့၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ (၁,၀၀၀) ခန့် တက်ရောက်ခဲ့ကြသည်။




အဆိုပါဘောလုံးပြိုင်ပွဲကို လူငယ်များ၏ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရန်၊ မူးယစ်ဆေးဝါးကင်းစင်သော လူငယ်ဘဝများ ဖော်ဆောင်ရန်နှင့် အားကစားမှတစ်ဆင့် စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။




Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဟွယ်(ထက်)ကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၂)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်