2264

တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး

ဒေသတွင်းသတင်း / ဒေသတွင်း
02 November 2026

တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး


နမ့်ဆန်၊ နိုဝင်ဘာ ၂ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည်။




အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများကို နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်တို့တွင် ကျင်းပခဲ့ပြီး TLEC တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားခြင်း၊ တွေ့ဆုံပွဲကျင်းပရသည့် ရည်ရွယ်ချက်၊ လက်ရှိဆောင်ရွက်နေသည့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ရာထူးတိုး မြှင့်ခန့်ထားရေးမူဝါဒများကို ရှင်းလင်းတင်ပြခဲ့သည်။




ထို့အပြင် တက်ရောက်လာကြသည့် ဆရာ/မများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခြင်းနှင့် အကြံပြုချက်များ တင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြရာ TLEC တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။




အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများကို ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများတွင် စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် TLEC ၏ ရာထူးတိုးမြှင့်ခန့်ထားရေး၊ အပြောင်းအရွှေ့ဆိုင်ရာမူဝါဒများကို ပိုမိုနားလည်သဘောပေါက်စေရန် အတွက် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။




တွေ့ဆုံဆွေးနွေးပွဲများသို့ တအာင်းပြည်အစိုးရမှ တာဝန်ရှိသူများ၊ TLEC ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဌာန ဒါရိုက်တာ၊ စစ်ဆေးအကဲဖြတ်ခြင်းနှင့် အဆင်မြင့်ပညာဌာန မန်နေဂျာ၊ ဌာနမန်နေဂျာများ၊ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး အဖွဲ့များနှင့် မြို့နယ်အတွင်းရှိ ဆရာ/မများအပါအဝင် စုစုပေါင်း လူဦးရေ (၉၃၇) ဦးကျော် တက်ရောက်ခဲ့ကြသည်။




Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်ပညာရေးကောင်စီ-TLEC မှ ပညာရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်