တအာင်းပြည်တွင် အောက်တိုဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၇) ဦး၊ လက်ဝယ်ထားရှိသူ (၃) ဦးနှင့် သုံးစွဲသူ (၄) ဦးဖမ်းဆီးရမိ
နမ့်ခမ်း၊ နိုဝင်ဘာ ၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တွင် အောက်တိုဘာလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၇) ဦး၊ လက်ဝယ်ထားရှိသူ (၃) ဦးနှင့် သုံးစွဲသူ (၄) ဦးတို့ကို ဖမ်းဆီးရမိသည်။
နမ့်ခမ်းမြို့ ပြီးခဲ့သည့် အောက်တိုဘာလ (၁) ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်မှုသတင်းများရရှိသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ လက်ဝယ်ထားရှိသူ အသက် (၄၅) နှစ်အရွယ် ဦးအိုက်ဆမ်နှင့် ဒေါ်မိုးမိုးအေးထံ ဘိန်းဖြူ (၁၂.၂) ဂရမ်၊ ဖုန်း (၃) လုံးသော်လည်းကောင်း၊ ကုန်းဆာရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၄၆) နှစ်အရွယ် ဦးယုန်နိုင်ထံမှ ဘိန်းဖြူ (၂၀၃.၄ )ဂရမ်၊ ယာမဆေးပြား( ၃၅၈.၆) ဂရမ်၊ ဖုန်း (၁) လုံး၊ ဆိုင်ကယ် (၁) စီးနှင့် မှတ်ပုံတင် (၁) ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ပန်မန်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့၌ မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အသက် (၆၀) နှစ်အရွယ် ဦးခွေချမ်း၏ နေအိမ်အတွင်းမှ ဘိန်းဖြူ (၁၃.၀) ဂရမ်၊ ယာမဆေးပြား (၁၂၈) ပြား၊ ငွေ (၂၅၀၀၀၀) ကျပ်၊ ဖုန်း (၁) လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ကျန့်ကွင်းကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်နေ့၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် (၅၁) နှစ် အရွယ် ဦးရန်ဖူးကျွတ်၏ နေအိမ်အတွင်းမှ ဘိန်းဖြူ (၁၄၅) ဂရမ်၊ ဘိန်းမဲ (၁၅၀) ဂရမ်၊ ယာမဆေးပြား (၁၅၁) ဂရမ်နှင့်အတူ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ (၇) ရက်နေ့လည်း မန်တုံမြို့၊ ဟိုခိုရပ်ကွက်တွင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူရှိသည်ဟု သတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အသက် (၄၉) နှစ်အရွယ် ဒေါ်အေစိန်၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာမှ ယာမဆေးပြား (၂၅၀) ပြားကို တွေ့ရှိပြီး သိမ်းဆည်းရမိခဲ့သည်။

နမ့်ဆန်မြို့နယ်၊ အထက်တောင်ကျော်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၁၈) ရက်နေ့၌ မူးယစ်ဆေးဝါးရောင်းဝယ်မှုသတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ အသက် (၄၇) နှစ်အရွယ် ဦးယိုင်လှကျော်နှင့် အသက် (၄၅) နှစ်အရွယ် ဦးအိုက်ဆောင်ထံမှ ဘိန်းဖြူ (၁၅.၄) ဂရမ်၊ စိတ်ကြွဆေးပြား (၃၁၄) ပြားနှင့် ဖုန်း (၁) လုံးသော်လည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၄) နှစ်အရွယ် ဦးအဒါး၊ အသက် (၂၁) နှစ်အရွယ် မိုင်းအောင်ခိုင်နှင့် အသက် (၁၈) နှစ်အရွယ် မိုင်းအိုက်စိန်တို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
ယင်းနောက် အောက်တိုဘာလ (၂၁) ရက်နေ့လည်း နမ္မတူမြို့နယ်၊ ပန်ဝိုးကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၆) နှစ်အရွယ် ဦးမျိုးမင်းဦးသော်လည်းကောင်း၊ မိုင်းရင်မှ နမ္မတူသို့ သွားရန်ပြင်ဆင်နေသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးဇော်ဘောက်နှင့် ဦးအိုက်စိုးတို့ထံ ဘိန်းဖြူ (၂၆) ဂရမ်နှင့် စိတ်ကြွဆေးပြား (၁) ထုပ်ကို သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် လက်ဝယ်ထားရှိသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ