2300

မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက သစ်တောထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ဒေသတွင်းသတင်း / ဒေသတွင်း
10 November 2026

မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက သစ်တောထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

နမ္မတူ၊ နိုဝင်ဘာလ ၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မြေယာနှင့်သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက သစ်တောမူဝါဒနှင့်အညီ တအာင်းပြည်ရှိ သစ်တောများကို ကြိုးဝိုင်းသစ်တောများအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းခြင်း၊ သစ်ပင်ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။​




သစ်ပင်ပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း နမ့်ဆန်မြို့နယ်ရှိ သစ်တောပျိုးဥယျာဥ်၌ သစ်မျိုး (၁၈) မျိုး၊ ပျိုးပင်ပေါင်း (၁၉,၄၅၀) ပင်ကို စိုက်ပျိုးနိုင်ခဲ့သည်။ အဆိုပါပျိုးပင်များတွင် ခရေ၊ ကံ့ကော်၊ ထိုင်ဝမ်ဗန်ဒါ၊​ သင်္ကန်း အပါအဝင် ကျွန်း၊ ရေသင်းဝင်၊ မယ်ဇလီ၊ ပိတောက်၊ ယူကလစ်၊ မန်ဂျန်ရှား၊​ ထင်ရှူး၊ ပျဥ်းကတိုး စသည့်သစ်တောသစ်ပင်များနှင့် ဆွယ်ဂျီ၊ တပြေဘူ၊ ငုဝါ၊ တပေါင်းပန်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ စသည့်အလှပန်းပင်များ ပါဝင်သည်။ ထို့ပြင် တအာင်း အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အပင်ပေါင်း (၇၀၀) ပင်ခန့်ကိုလည်း စိုက်ပျိုးနိုင်ခဲ့သည်။




ထို့အတူ တအာင်းပြည်အတွင်း ထိန်းသိမ်းထားရှိသည့် ကြိုးဝိုင်းသစ်တောဧရိယာ စုစုပေါင်း (၃၁၄,၇၀၄) ဧကရှိပြီး သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေးအတွက် တရားမဝင်သစ်ခုတ်ယူမှုများ ဖမ်းဆီးခြင်း၊ ရှားပါးတောရိုင်းတိရစ္ဆာန်များကာကွယ်ခြင်းနှင့်  တရားမဝင်တောရိုင်း တိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှု များကို စစ်ဆေးဖော်ထုတ် တားဆီးဖမ်းဆီးခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။​




ထို့အပြင် သစ်တောများ ပျက်စီးပြုန်းတီးနေသည့် ဒေသများတွင် ရာသီဥတုမျှတရေး၊ မြေဆီလွှာပြုန်းတီးမှု ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေးတို့အတွက် နမ့်ခမ်းမြို့နယ်၊ မန့်နားသစ်တော ပျိုးဥယျာဥ်၌ ပျိုးပင်ပေါင်း (၅၀,၀၀၀) ပင်ခန့် ပျိုးထောင်ပြီး သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။




လက်ရှိတွင် မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောထိန်းသိမ်း ကာကွယ်ခြင်းနှင့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။​




Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနက သစ်တောထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်