အပတ်စဉ်(၁) နယ်ထိန်းသင်တန်းဖွင့်ပွဲအခမ်းအနားအား PSLF/TNLA၏ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့မှ တက်ရောက်
တအာင်းပြည်၊ ဧပြီလ ၂၆ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအုပ်ချုပ်သော မြို့နယ်တစ်ခုတွင် အပတ်စဉ်(၁) နယ်ထိန်းသင်တန်းဖွင့်ပွဲအခမ်းအနားအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားနှင့်အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့မှတက်ရောက် အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားမှ“ကျနော်တို့ တအာင်းပြည်အတွင်း လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသောကြောင့် နယ်ထိန်းများ၏ လုပ်ဆောင်ချက်များနည်းစနစ်တကျဖြစ်အောင် လုပ်ဆောင်ရမည်။ ၎င်းသင်တန်းမှ သင်ကြားပေးမည့် ဘာသာရပ်အပြင် ရဲလုပ်ငန်းများကို အထောက်အကူပြုစေမည့် အခြားနည်းပညာဘာသာများကိုလည်း လေ့လာသင်ယူရန် လိုအပ်ပါသည်။ ထို့ကြောင့် ငယ်သည့်အမှု ပပျောက်သွားအောင်နှင့် ကြီးသည့်အမှု ငယ်သွားအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်” ဟုအမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အပတ်စဉ်(၁) နယ်ထိန်းသင်တန်းတွင် သင်တန်းသား (၃၆)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး အဓိကသင်ကြားမည်ဘာသာရပ်များသည် ရဲကျင့်ဝတ်၊ ရာဇသတ်ကြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများဖြစ်ပါသည်။ ထို့သင်တန်းကာလသည်(၃)လကြာ ကြာမြင့်မည်ဖြစ်ပြီး ၎င်းတို့ကို တတ်ကျွမ်းသောဆရာများမှ သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်တားဘုန်းကျော်မှ “ရဲဆိုသည့်အသံကြားရင် ပြည်သူလူထုအများစုက မုန်းတတ်ကြပြီး။ လုပ်လည်း မလုပ်ချင်ကြဘူး။ ဘာကြောင့်ဆိုတော့သူတို့၏ မှားယွင်းသည့် လုပ်ဆောင်ချက်နှင့် လုပ်ရက်များကို ပြည်သူများက ကြုံတွေ့ခံစားနေရသောကြောင့် မုန်းကြခြင်းဖြစ်သည်။ မြို့တစ်မြို့တွင် ပြည်သူများက ရဲကို မြင်ကြသောအခါကြောက်နေမည်ဆိုရင် ထိုမြို့လေးသည် ပျော်ရွင်မည်မဟုတ်ပေ။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ရဲများမှ ပိုမိုလုပ်ဆောင်ရန် လို အပ်သည်”ဟုတိုက်တွန်းထားပါသည်။
ဤသင်တန်းသည် ရဲလုပ်ငန်းများနှင့် နယ်ထိန်းလုပ်ငန်းများသိရှိနားလည်နိုင်ရန် ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှု စသည့်တို့ကို လျှော့နည်းပပျောက်သွားရန်နှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန်ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်သည်။
ထို့အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်းလူဦးရေ (၅ဝ)ကျော်တက်ရောက်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ