1778

နမ့်ဆန်မြို့တွင် တပေါင်းပွဲတော်၊ ဘုရားစေတီထီးတင်ပွဲနှင့် တအာင်းရိုးရာယဥ်ကျေးမှုအကပြိုင်ပွဲ ကျင်းပခဲ့

သတင်း / နိုင်ငံရေး
03 March 2026

နမ့်ဆန်မြို့တွင် တပေါင်းပွဲတော်၊ ဘုရားစေတီထီးတင်ပွဲနှင့် တအာင်းရိုးရာယဥ်ကျေးမှုအကပြိုင်ပွဲ ကျင်းပခဲ့


နမ့်ဆန်၊ မတ်လ ၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် တပေါင်းပွဲတော်၊ ဘုရားစေတီထီးတင်ပွဲနှင့် တအာင်းရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများကို တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါတပေါင်းပွဲတော်ကို ဖေဖော်ဝါရီလ (၂၈)ရက်မှ မတ်လ (၂)ရက်နေ့အထိ သုံးရက်တာ ကျင်းပခဲ့ပြီး မိဘပြည်သူလူထုများ စည်ကားစွာပါဝင်ဆင်နွှဲခဲ့ကြသည်။ ထို့နောက် မဟာမြတ်မုနိဘုရားကြီးအနီးရှိ စေတီထီးတင်ပွဲနှင့် ဘုရားကြီးကျေးရွာရှိ ဘုရားစေတီထီးတင်ပွဲခမ်းအနားကို မတ်လ (၂)ရက်နေ့ နံနက်ပိုင်း (၈း၀၀)နာရီအချိန်၌ ထီးတင်ခြင်းအခမ်းအနားပြုလုပ်ခဲ့ပါသည်။




ထို့အပြင် တအာင်းရိုးရာယဥ်ကျေးမှုဖြစ်သည့် တအာင်းရိုးရာမြေဝိုင်းအကနှင့် တအာင်းရိုးရာသိုင်းအက ပြိုင်ပွဲများကို နေ့လယ် (၁း၀၀)နာရီအချိန်မှစတင်၍ အပြိုင်အဆိုင်ကပြခဲ့ပါသည်။ တအာင်းမျိုးနွယ်စုများဖြစ်သည့် ဆာမ်လိုင်၊ ရူမာည်းနှင့် စောပနာတို့ပါဝင်ခဲ့ကြပြီး အခြားတိုင်းရင်းသားဖြစ်သည့် လီဆူလူမျိုးလည်း ပါဝင်အားဖြည့်ခဲ့သည်။



ယင်းအကပြိုင်ပွဲများတွင် သက်ဆိုင်ရာယဉ်ကျေးမှုကော်မတီဝင် (၁၀) ဦးမှ အမှတ်ပေးအကဲဖြတ်ဒိုင်အဖြစ် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမှတ်ပေးအကဲဖြတ်ခဲ့ကြသည်။




ထို့နောက် မြေဝိုင်းအကနှင့် သိုင်းအကပြိုင်ပွဲများတွင် အနိုင်ရရှိသူများအား မျိုးနွယ်စုအလိုက် ဆုပေးခဲ့ပြီး၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုအပါအဝင် ဂုဏ်ပြုဆုများကိုလည်း သီးခြားအလိုက်ပေးအပ်ခဲ့ပါသည်။ အကပြိုင်ပွဲအတွက် ပထမဆုကို စောပနာ၊ ဒုတိယဆုကို ဆာမ်လိုင်၊  တတိယဆုကို ရူမာည်းတို့ ရရှိခဲ့ကြပါသည်။ ထို့အပြင် လက်သီးသိုင်း၊ ဓားသိုင်း၊ လှံသိုင်း၊ ဒုတ်ဆက်သိုင်း အမျိုးအစားအလိုက်ကိုလည်း ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို တစ်ဦးချင်းစီ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။




အခမ်းအနားသို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင်၊ အရာရှိများ၊ ရဲဘော်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ သောင်းချီ တက်ရောက်ခဲ့ကြသည်။



တပေါင်းပွဲတော်သည် တအာင်းရိုးရာယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်မှုများကို ထင်ဟပ်ဖော်ပြသည့် အရေးပါသော ပွဲတော်တစ်ရပ်ဖြစ်ပြီး ယခုနှစ်တွင် အထူးအနေဖြင့် တအာင်းရိုးရာ မြေဝိုင်းအကနှင့် သိုင်းအကပြိုင်ပွဲများကို ထည့်သွင်းကျင်းပနိုင်ခဲ့ခြင်းသည် တအာင်းယဉ်ကျေးမှုထိန်းသိမ်းရေးအတွက် အရေးပါသော လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် တပေါင်းပွဲတော်၊ ဘုရားစေတီထီးတင်ပွဲနှင့် တအာင်းရိုးရာယဥ်ကျေးမှုအကပြိုင်ပွဲ ကျင်းပခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်