ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် နောက်ဆုံးအဆင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပြီးစီး
နမ့်ခမ်း၊ ဇူလိုင် ၇ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ (၃၀) ရက်နေ့က မတော်တဆယမ်းပျော့ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသော မိဘပြည်သူလူထုများကို အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ လိုအပ်သည့်ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုတွင် နောက်ဆုံးအဆင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ ကူညီထောက်ပံ့ရေးလုပ်ငန်းများ၏ နောက်ဆုံးအဆင့်အဖြစ် ဇူလိုင်လ (၄) ရက်နေ့တွင် ကောင်းတပ်ကျေးရွာရှိ နေအိမ်စုစုပေါင်း (၈၉) အိမ်အား ပျက်စီးဆုံးရှုံးသွားမှု အခြေအနေပေါ်မူတည်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ စုစုပေါင်း ကျပ်သိန်း (၇,၁၄၅) ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ထိခိုက်နစ်နာခဲ့သော ပြည်သူများ၏ လူနေမှုဘဝများကို ပြန်လည်တည်ငြိမ်၍ ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ရည်ရွယ်ထားသည့် ထောက်ပံ့ကူညီရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ထို့ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် အများပိုင်အဆောက်အအုံများဖြစ်သော ပညာရေးအဆောက်အအုံနှင့် ဘုန်းကြီးကျောင်းအဆောက်အအုံများကို အမြန်ဆုံး ပြန်လည်ထောက်ပံ့ကူညီနိုင်ရန် လိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများကို ဆက်လက်အကောင်အထည်ဖော်ဆောင်လျက်ရှိပါသည်။

ထိခိုက်နစ်နာခဲ့ရသော မိဘပြည်သူများနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုများအတွက် ကော်မတီက လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မစတင်မီကာလအတွင်း ပြည်သူများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် ယာယီအမိုးအကာများကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားခဲ့ပါသည်။
ဤပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲမှုဗဟိုချက်အား အနီရောင်သတ်မှတ်ဇုန်၊ လိမ္မော်ရောင်သတ်မှတ်ဇုန်နှင့် အဝါရောင်သတ်မှတ်ဇုန်ဟူ၍ ဇုန် (၃) ခု ခွဲခြားသတ်မှတ်ခဲ့ကာ နေအိမ်ပျက်စီးမှုအခြေအနေပေါ်မူတည်၍ ထောက်ပံ့ကူညီငွေ စုစုပေါင်း ကျပ်သိန်း (၅,၃၉၄၁) ကို ကူညီပေးခဲ့ပါသည်။ ထို့ပြင် ထိခိုက်သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ထောက်ပံ့ကူညီငွေ စုစုပေါင်း ကျပ်သိန်း (၆၂၉၀) ကို ထောက်ပံ့ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ