(၅၄) နှစ်ပြည့် တအာင်းစာပေနေ့ အထိမ်းအမှတ်အခမ်းအနားကို နမ့်ခမ်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီး
နမ့်ခမ်း၊ သြဂုတ် ၃၀ ရက်
တအာင်းပြည်သတင်း
တအာင်းလူမျိုးတို့၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဂုဏ်ပြုဖော်ဆောင်သည့် အထင်ကရနေ့ထူးနေ့မြတ်ဖြစ်သော သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သည့် တအာင်းစာပေနေ့ (၅၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို တအာင်းစာအဖွဲ့ -TLA မှ ဦးဆောင်၍ တအာင်းပြည်၊ နမ့်ခမ်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ၌ ပြည်သူလူထုများ တက်ကြွစွာ ပါဝင်ဆင်နွှဲကြပြီး စည်ကားသိုက်မြိုက်စွာ ပြီးစီးသွားခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် PSLF/TNLA ၏ ဒုဥက္ကဌ(၁) ဒုဗိုလ်ချုပ်ကြီးဂျုတ်ဂျားမှ တအာင်းလူမျိုးတိုင်း မိမိတို့၏ စာပေနှင့် ဘာသာစကားကို တတ်မြောက်နားလည်ထားသင့်ပါသည်။ စာပေကို စနစ်တကျ လေ့လာတတ်မြောက်မှသာ ၎င်း၏ တန်ဖိုး၊ အားသာချက်နှင့် လိုအပ်ချက်များကို မှန်ကန်စွာ သုံးသပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်မျိုးဆက်များအနေဖြင့် တအာင်းစာပေကို ကြိုးစားလေ့လာသင်ယူကာ ရိုးရာယဉ်ကျေးမှုနှင့် စာပေအမွေအနှစ်များကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြား ခဲ့သည်။

အဆိုပါ တအာင်းစာပေအခမ်းအနားသို့ PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီးဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ဘုန်းကျော်၊ အထွေထွေအတွင်းရေးမှူး (၁) အိုမ်တမာဝ်း၊ တအာင်းသံဃာတော်များ၊ စာပေပညာရှင်များ၊ ကော်မရှင်အဖွဲ့များ၊ ပါတီအဖွဲ့များ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း လူဦးရေ (၆၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်များအား အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကဗျာ၊ ဆောင်းပါး၊ ဘာသာပြန်၊ ကာတွန်းနှင့် ပုံပြင်ကဏ္ဍများတွင် ထူးချွန်သူများအပြင် တအာင်းစာအဖွဲ့မှ ဦးဆောင်ဖွင့်လှစ်သည့် TOT အပတ်စဉ် (၆) သင်တန်း၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် သင်တန်းသား/သူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ယခုနှစ် သြဂုတ်လ (၃၀) ရက်နေ့တွင် ကျရောက်သည့် (၅၄) နှစ်ပြည့် တအာင်းစာပေနေ့ အထိမ်းအမှတ်ကို တအာင်းပြည်၊ မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းဝီး၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်သာမက ပြည်ပရောက် တအာင်းလူမျိုးများကပါ တအာင်းစာပေ၏ တန်ဖိုးနှင့် အမျိုးသားအမွေအနှစ်ကို ဂုဏ်ပြုဖော်ဆောင်သည့်အနေဖြင့် အထိမ်းအမှတ်အခမ်းအနားများ စည်းလုံးညီညွတ်စွာ ကျင်းပလျက်ရှိကြသည်။
သြဂုတ်လတွင် ကျင်းပပြုလုပ်ပြီးသော စာပေညီလာခံအတွင်းမှ တအာင်းစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပြီး တအာင်းရုံးသုံးစာ၏ အခြေခံမူ (၁၀) ချက်အား ဆက်လက်အတည်ပြုကျင့်သုံးရန်အချက်များလည်း သဘောတူခဲ့ကြသည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ